Deadline အတိုင်းပြီးမြောက်စေမယ့် အချက် (၅) ချက်

(၁) ကိုယ်လုပ်ရမယ့်အလုပ်အတွက် ကြာချိန်ကို ဆုံးဖြတ်ပါ။

Client ကို လွယ်လွယ်နဲ့ ကတိအရင်မပေးဘဲ အရင်ဆုံးစဉ်းစားပါဦး။ ဒီအလုပ်ဟာ ဒီအချိန်အတွင်းမှာ တကယ်ပြီးလောက်ရဲ့လား စဉ်းစားဆုံးဖြတ်ပြီးမှ သေချာပြီဆိုမှ ရက်ချိန်းပေးတာကောင်းပါတယ်။ တစ်ချို့တွေရှိတယ်။ အလုပ်ရလိုဇောနဲ့ ကတိတွေပေးပြီး လက်ခံပြီးမှ အလုပ်မပြီးတဲ့အခါ ကိုယ်လဲမကောင်း၊ သူများလဲ အနှောင့်အယှက်ဖြစ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဘယ်လောက်လောက်ကြာမလဲ၊ ဘယ်လိုရက်ချိန်းပေးရမလဲဆိုတာ အရင်စဉ်းစားစေချင်ပါတယ်။

(၂) Client ရဲ့ တကယ့်လိုအပ်ချက်ကို သိအောင်အရင်လုပ်ပါ။

Client က သင့်ကို ခုန်ခိုင်းတယ်ဆိုပါစို့၊ သင်အရင်ဆုံးမေးရမှာက “ဘယ်လောက်မြင့်မြင့်ခုန်ရမှာလဲ” ဆိုတာပါပဲ။ စကားနည်းနည်းပြောပြီး မေးခွန်းများများမေးပါ။ Client အနေနဲ့ ဘာတွေလုပ်ချင်တာလဲ၊ ဘယ်လောက်လုပ်ချင်တာလဲ၊ ဘယ်အထိလုပ်ချင်တာလဲ အရင်သိရအောင်လုပ်ပါ။ Client အချို့က အလုပ်လုပ်နေရင်း တစ်ဝက်ရောက်မှ ဟိုဟာလေးလဲလုပ်ချင်တယ် ဒီဟာလေးလဲထည့်ချင်တယ် ဖြစ်လာတတ်ပါတယ်။ အဲလိုမျိုးကျရင် အချိန်ပိုယူရမယ့်အကြောင်း တစ်ခါတည်းရှင်းပြပြောပြထားလိုက်တာ ပိုကောင်းပါတယ်။

(၃) ကိုယ့်ကိုကိုယ် ရိုးသားပါ။

ကိုယ့်ရဲ့ လုပ်ငန်းအတွင်းမှာ ကိုယ်ပိုင် schedule ဆွဲထားပြီး အဲဒီအတိုင်းလိုက်နာပါ။ ဒါလေးကတော့လွယ်ပါတယ်၊ လုပ်ရင်ခဏပဲ၊ ငါနောက်မှလုပ်မယ်ဆိုပြီး ပစ်ထားရင်တော့ မကြာခင် သင်နောက်ကျပါတော့မယ်။ မလိုအပ်တဲ့ Meeting တွေလဲမလုပ်ပါနဲ့၊ Client တွေက ခေါ်တိုင်းလဲ မသွားပါနဲ့။ မလိုအပ်ဘဲ အချိန်ကုန်ခြင်းတွေ၊ ကိုယ့် Schedule ကိုယ်မလိုက်နာခြင်းတွေဟာ အချိန်ပိုနောက်ကျစေပါတယ်။

(၄) မလုပ်နိုင်တာကိုလဲ လုပ်သင့်ရင်လုပ်လို့ရပါတယ်။

ဆိုလိုတဲ့သဘောက သင့်ကို Project အကြီးကြီးလာအပ်တယ်ဆိုပါတော့၊ သင့်ကိုယ်သင်မလုပ်နိုင်ဘူး ထင်ရင် ထင်နိုင်တယ်။ ဒါပေမယ့် သင်လက်ခံမယ်ဆို လက်ခံလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအလုပ်မျိုးမှပဲ သင့်ကို တိုးတက်စေမှာဖြစ်ပြီး သင့်အနေနဲ့ ဒီအလုပ်အချိန်မှီပြီးဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ Motivation လဲ ရှိနေမှာမို့ပါ။ ဒီလို Motivation မျိုးနဲ့ဆို သင့်ဘက်က ပျက်ကွက်မှုကြောင့် အလုပ်မပြီးမြောက်မှာ မပူရတော့ပါဘူး။

(၅) နောက်ကျခဲ့ရင်ဘာလုပ်မလဲ။

သင်ဘယ်လောက်ပဲ မှီအောင် ကြိုးစားလုပ်ပေမယ့်၊ တစ်ခါတစ်လေ နောက်ကျသွားတာမျိုးလဲ ရှိကောင်းရှိမှာပါ။ ဒီအတွက်လဲ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ သင့် Client ကို သင်ဒုက္ခပေးမိသလိုဖြစ်ရင်ဖြစ်သွားမယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးတောင် ပြန်ရရင် ရနိုင်ဦးမှာပါ။ အခြေအနေပေါ်မှာ ကိုယ်က ကိုင်တွယ်တတ်ဖို့သာလိုပါတယ်။ ကိုယ့်ကြောင့်ထိခိုက်သွားတာကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်လုပ်ပေးမယ်လို့သာ ကတိပေးပြီး ပြန်လုပ်ပေးလိုက်ပါ။ သင်ဟာ Client ရဲ့ ယုံကြည်မှုကို ပြန်ရမှာပါ။

အောင်မွန်ချမ်း (Myanmar Leaders)

www.baganmart.com

လုပ်ငန်းရှင်များ ရောင်းဝယ်ရာ

Follow Us